International News

ထိုင်းနိုင်ငံအနေဖြင့် ကာဗွန်အခွန် (CarbonTax) စတင် စည်းကြပ် ကောက်ခံနိုင်ရန် တဖြည်းဖြည်းပုံဖော်လျက်ရှိ

Last Updated:

စင်္ကာပူနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် ကာဗွန်အခွန်(Carbon Tax) စည်းကြပ်ကောက်ခံလျက်ရှိသည့်တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံ၊ အထူး ကုန်စည်ဌာန(Excise Department) အနေဖြင့် ထိုင်းနိုင်ငံအတွင်း စတင်စည်းကြပ် ကောက်ခံနိုင်ရန်အတွက် လေ့လာစမ်းစစ်မှု များလုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ “Carbon Tax Steps Gradually Taking Shape” ခေါင်းစဉ်ဖြင့် Bangkok Post သတင်းမီဒီယာ Website ၌ ဇန်နဝါရီလ ၄ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံ၊ အထူးကုန်စည်ဌာန (Excise Department)အနေဖြင့် ကာဗွန်အခွန် (Carbon Tax)‌စည်းကြပ်ကောက်ခံခြင်းဆိုင်ရာလေ့လာစမ်းစစ်မှုများပြုလုပ်ခြင်းကို  ယခုနှစ်အတွင်း ပြီးစီးလိုသည်ဟု ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Ekniti Nitithanprapas က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကာဗွန်အခွန် (Carbon Tax) စည်းကြပ်ကောက်ခံရန် ဥပဒေသတ်မှတ် ပြဋ္ဌာန်းသည့်အခါ နည်းလမ်းနှစ်ခုရှိသည့်အနက် နိုင်ငံအများစုသည် တစ်ခုကို ရွေးချယ်လေ့ရှိပြီး ၎င်းတို့မှာ (က) ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်သည့် ထွက်ကုန်များအပေါ်အခွန်စည်းကြပ် ကောက်ခံခြင်း (သို့မဟုတ်) ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လွှတ်မှု အဆင့်မြင့်မားသည့်စက်ရုံ/ အလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များအပေါ် အခွန်စည်းကြပ်ကောက်ခံခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။

ထို့ပြင် EU (European Union) သည်လည်းသွင်းကုန်ပစ္စည်းများ (Imported Products) နှင့် ပြည်တွင်းထွက်ကုန်များအား ၎င်းတို့နှင့် သက်ဆိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်အ‌ပေါ် ကာဗွန်အခွန် (Carbon Tax) ကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်သည့်ထုတ် ကုန်ပစ္စည်းများ (Carbon Dioxide-Emitting Products) အပေါ်အခွန်စည်းကြပ် ကောက်ခံ ခြင်းသည်အသင့်တော်ဆုံး နည်းလမ်းတစ်ခုဖြစ်ကြောင်းနှင့်ပထမအဆင့်၌ လက်ရှိပုံမှန်အခွန်စည်းကြပ် ကောက်ခံလျက်ရှိသည့် လောင်စာဆီ (Fuel) ကဲ့သို့သော အထူး ကုန်စည်များအပေါ် ကျင့်သုံးဆောင်ရွက်သင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်အပေါ် ကာဗွန်အခွန်ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ လေ့လာစမ်းစစ်မှုပြီးစီးရန် အချိန်ပိုမိုရယူ၍ လုပ်ဆောင်သင့်ကြောင်းနှင့် အဆိုပါနည်းလမ်းမှ တဆင့်ကာဗွန်အခွန်ကောက်ခံ ခြင်းသည်အခြားအဖွဲ့အစည်းများစွာနှင့်အတူ ကျွမ်းကျင်သူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်ဟု Mr. Ekniti က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စင်္ကာပူနိုင်ငံသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု မက်ထရစ် တန် တစ်တန်လျှင် စင်္ကာပူဒေါ်လာ ၅(ထိုင်းဘတ်ငွေ ၁၂၈) ဖြင့် အခွန်စည်းကြပ် ကောက်ခံလျက်ရှိပြီး စက်ရုံ/ အလုပ်ရုံများ၏ကုန် ထုတ်လုပ်မှုလုပ်ငန်းစဉ်အပေါ် ကာဗွန်အခွန်ကောက်ခံမှုကျင့်သုံး ဆောင်ရွက်သည့် တစ်ခုတည်းသော အာဆီယံနိုင်ငံဖြစ်ပါသည်။ အဆိုပါကာဗွန်အခွန် စည်းကြပ်ကောက်ခံခြင်းအား စင်္ကာပူနိုင်ငံ၊ Ministry of Sustainability and the Environment မှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ၎င်းအနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို တိုင်းတာရန်အတွက် တာဝန်ရှိသည့် ဌာနအဖွဲ့အစည်း တစ်ခုလည်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၊ အထူးကုန်စည်ဌာန (Excise Department) အနေဖြင့် ကော်မတီ တစ်ရပ်ဖွဲ့စည်းထားရှိပြီး ကာဗွန်အခွန်(Carbon Tax) စတင်မိတ်ဆက်ရန် အစီအစဉ်အား ဆွေးနွေးညှိနှိုင်း ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများကို ကမ်းလှမ်းဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရှိရပြီးဌာနအနေဖြင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အကျိုးပြုထုတ်ကုန် ပစ္စည်းများအတွက် အခွန်မက်လုံးပေးဆွဲဆောင်မှု (Tax Incentive) များပေးအပ်သွားလိုကြောင်း Mr. Kniti ကပြောကြားထားပါသည်။

ထိုင်းနိုင်ငံ၊ အထူးကုန်စည်ဌာန (Excise Department) အနေဖြင့် ထိုင်းနိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ် (Electric Vehicle-EV) သုံးစွဲမှု အားပေးထောက်ခံခြင်း မူဝါဒနှင့်အညီပြည်တွင်း၌ လျှပ်စစ်မော် တော်ယာဉ်ဘက်ထရီများ (EV Batteries) ထုတ်လုပ်မှုအပေါ် လက်ရှိကောက်ခံလျက်ရှိသည့် အခွန်နှုန်း ၈ ရာခိုင်နှုန်းအား လျှော့ပေါ့ပေးအပ်သွားရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။ အခွန်လျှော့ပေါ့ပေးခြင်းအတွက် အရည်အသွေး လိုအပ်ချက်မှာ လျှပ်စစ်မော်တော်ယာဉ် ဘက်ထရီ (EV Battery)ထုတ်လုပ်သူများ အနေဖြင့် ဘက်ထရီပြန်လည် အသုံးပြုမှု စီမံချက် (Battery Recycling Plan) များ စနစ်တကျ ထားရှိရမည် ဖြစ်ကြောင်းနှင့် EV Battery အပေါ် အခွန်နှုန်းထားလျှော့ချလိုက်မည် ဆိုပါက လျှပ်စစ် မော်တော်ယာဉ် (EV) များ၏ စျေးနှုန်းလည်းကျဆင်းလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

EV Battery အပေါ်အခွန်စည်းကြပ်ကောက်ခံမှုလျှော့ချခြင်းဆိုင်ရာစီမံချက်သည် ယခုနှစ်အတွင်း သိသာထင်ရှားစွာဖြစ်ပေါ်လာစေမည်ဟု Mr. Ekniti က ပြောကြားခဲ့ပါသည်။

 

 

( ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန)

 

Category: International News